MBA logo

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ပခုက္ကူမြို့နယ်အတွက် ရေသယ်ယာဉ်အသစ်တစ်စီးပေးအပ်လှူဒါန်း

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များပေးအပ်လှူဒါန်းလျက်ရှိရာ စက်တင်ဘာလ (၁၃)ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်အတွက် ရေဂါလံ(၃၀၀၀)ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များစီမံခန့်ခွဲရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါရေသယ်ယာဉ်အသစ်ကို ပခုက္ကူမြို့၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စားကမ္ဘောဇဘဏ်လီမိတက်၊ပခုက္ကူဘဏ်ခွဲ(၁) တာဝန်ခံ ဒေါ်နီလာကို နှင့် ပခုက္ကူဘဏ်ခွဲ(၂) တာဝန်ခံ ဦးမိုးဇော်ထွန်းတို့က ပေးအပ်လှူဒါန်းခဲ့ပြီး ပခုက္ကူမြို့နယ်ကိုယ်စား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လက်ခံရယူခဲ့ပြီးအခမ်းအနားသို့ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက လှူဒါန်းခဲ့သော ရေပေးဝေရေးအလှူတော်ရေကားဖြင့် ပရဟိတအသင်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ရေရှားပါးသောအညာဒေသဖြစ်သည့် ပခုက္ကူမြို့နယ်တဝိုက်နှင့် မြိုင်မြို့နယ်တဝိုက်တို့တွင် ရေအလှူတော်များပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် နိုင်ငံတစ်ဝန်းရှိ ရေရှားပါးသည့်ဒေသများ၌ ရေဖြန့်ဝေလှူဒါန်းခြင်းများ ပြုလုပ်နိုင်ရန် ရေသယ်ယာဉ်အသစ် (၄၄)စီးကိုပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံတစ်ဝန်းရှိ သောက်သုံးရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နေရသောဒေသများအရောက် ရေဂါလံပေါင်းသန်းချီ၍ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းခဲ့သည်။ ဖောင်ဒေးရှင်းသည် ရေရှားပါးသောဒေသများတွင် ရေပေးဝေလှူဒါန်းမှုများအပြင် မြန်မာနိုင်ငံအနှံ စက်ရေတွင်းပေါင်း (၁၆၂)တွင်းကိုအောင်မြင်စွာတူးဖော်လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိသည်။
/KBZ/