MBA logo

နယ်စပ်ကုန်သွယ်ရေးနှင့်ငွေပေးချေမှု

                       တစ်နိုင်ငံနှင့် အခြားတစ် နိုင်ငံအကြား ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းဝယ် ကြခြင်းသည် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေးဖြစ်ပါသည်။ ထို ကုန်သွယ်ရေးတွင် ငွေပေးချေမှုများအ တွက် ကမ္ဘာ့နိုင်ငံများတွင် နှစ်နိုင်ငံလက် ခံနိုင်သည့် ငွေကြေးကိုသုံးစွဲကြပြီး ဘဏ် စနစ်လမ်းကြောင်းမှသာ အယ်လ်စီ (သို့) ဘဏ်ငွေလွှဲပို့ခြင်းတို့ဖြင့် ပေးချေလေ့ရှိ ကြပါသည်။ ကမ္ဘာ့နိုင်ငံအများတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစနစ် တစ်မျိုးသာရှိသော်လည်း မြန်မာနိုင်ငံ တွင်မူ ထူးထူးခြားခြား နယ်စပ်ကုန်သွယ် ရေးဆိုသော ကြီးမားကျယ်ပြန့်လှသည့် ကုန်သွယ်ရေးစနစ်ကြီး သီးခြားရှိနေပြီး ထိုစနစ်ကြီးကို စီမံကွပ်ကဲရန် နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနကြီးလည်း ရှိနေခဲ့ပါသည်။
နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော နိုင်ငံနှစ်နိုင်ငံအကြား ကုန်စည်ရောင်းဝယ်ခြင်းသည်လည်း အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး၏ အဝန်းအဝိုင်းတွင်သာ ရှိပြီး ဘဏ်စနစ်ကိုအသုံးပြု၍ ပေးချေခြင်းသည် လုပ်ရိုးလုပ်စဉ်သာဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် နယ်စပ်ကုန်သွယ်ရေး ခေါ် အိမ်နီး ချင်းနိုင်ငံများနှင့်ကုန်သွယ်ရေး၏ ထူးခြားလှသောလက္ခဏာရပ်မှာ ထိုကုန်သွယ်မှုများအတွက် ငွေပေးချေခြင်းကို ဘဏ်စနစ်အား လုံးဝအသုံးမပြုခင်းဖြစ်သည်။

အထူးသဖြင့် တရုတ်နိုင်ငံ (သို့မဟုတ်) ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ် စပ်မှ ကုန်စည်များဖြတ်ကျော်၍ရောင်း ခြင်း၊ ဝယ်ခြင်းများပြုလုပ်ရာတွင် မည် မျှပင်တန်ဖိုးပမာဏကြီးမားသည်ဖြစ်စေ ဘဏ်စနစ်ကို အသုံးပြု၍ ပေးချေခြင်း မပြုရုံမျှမက ထိုနိုင်ငံသုံးငွေကြေးများ ဖြင့်သာ ရောင်းကုန်၊ ဝယ်ကုန်အားလုံးအတွက် ပေးချေနေကြသည်ကို တွေ့ရ ပါသည်။ (ပိုက်လိုင်းဖြင့် ဓာတ်ငွေ့ရောင်း ချခြင်းမပါဝင်ပါ)
မြန်မာနိုင်ငံဘက်ခြမ်းမှ နယ်စပ်မြို့ များတွင်လည်း ထိုနိုင်ငံများတွင်သုံးသော တရုတ်ယွမ်၊ ထိုင်းဘတ်များကိုသာ လူ အများ ကိုင်တွယ်သုံးစွဲရောင်းဝယ်နေကြ ပြီး မြန်မာကျပ်ငွေ၏အခန်းကဏ္ဍ မှေးမှိန် လျက်ရှိပါသည်။ ဤအခြေအနေဖြစ် တည်နေရခြင်း၏ နောက်ခံသမိုင်းကြောင်း များရှိပါသည်။ ဆိုရှယ်လစ်စီးပွားရေး စနစ်ကျင့်သုံးသည့် (၂၆)နှစ်ကြာ ကာလ တစ်လျှောက်လုံး၌ မြန်မာနိုင်ငံတွင် ကုန် စည်များ အလွန်ရှားပါးခဲ့ရာ မှောင်ခိုလမ်းကြောင်းမှ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကိုသာ မြန်မာနိုင်ငံသားများ အားထားသုံးစွဲခဲ့ကြရပါသည်။ မြန်မာနိုင်ငံတွင် မှောင်ခိုစီးပွားရေးစနစ် လွှမ်းမိုးခဲ့သော ကာလဖြစ်ပြီး ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်များကို ခိုး သွင်းကြပြီး မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်း နှင့် ကျောက်မျက်ရတနာများ အပါအဝင် သယံဇာတများကို ခိုးထုတ်ရောင်းချခြင်း ဖြင့် မြန်မာ့စီးပွားရေးစနစ်ကြီး ရှင်သန် လည်ပတ်ခဲ့ရပါသည်။
ထိုရောင်းဝယ်မှုများသည် တရားဝင် ပို့ကုန်၊ သွင်းကုန်လိုင်စင်/ပါမစ်များဖြင့် ရောင်းဝယ်ခြင်းမဟုတ်ခဲ့ပါ။ ဘဏ်စနစ် မှ ငွေပေးချေခြင်းမလုပ်ခဲ့ပါ။ ခေတ်တစ်ခေတ်ပြောင်းပြီး ၁၉၉ဝ ပြည့်နှစ်များ နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ် စတင်ခဲ့ပါသည်။ စနစ်သစ်စတင်၍ အရှိန်မရသေးခင်မှာ ပင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့ မှုများပြုလုပ်ခြင်း၊ အမေရိကန်ဒေါ်လာ အလွှဲအပြောင်းများကို တားဆီးခြင်းတို့ဖြစ်လာခဲ့ပြန်ရာ မြန်မာ့စီးပွားရေးသည် တရုတ်နိုင်ငံကို အားထားသည့်ဘဝသို့ ရောက်ရှိခဲ့ရပြန်ပါသည်။ မြန်မာ- တရုတ် နယ်စပ်တွင် ကုန်စည်များရောင်းခြင်း၊ ဝယ်ခြင်းကို ပမာဏကြီးမားစွာ လုပ်ဆောင်ခဲ့ကြရပြန်ပါသည်။ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို တရားဝင်ထူထောင်ပြီး နယ်စပ်ကုန်သွယ်ရေး အရောင်းအဝယ်များကို လိုင်စင်/ပါမစ် များဖြင့် တရားဝင်လုပ်ဆောင်လာခဲ့ရပါသည်။ ကမ္ဘာတွင်မရှိသော နယ်စပ်ကုန်သွယ်ရေးစနစ်ကြီး ကြီးမားကျယ်ပြန့်ခဲ့ပါသည်။ တရားဝင်လိုင်စင်/ပါမစ်များဖြင့် ရောင်းခြင်း၊ ဝယ်ခြင်းဆိုသော်လည်း ငွေပေးချေသောအခါ ဘဏ်စနစ်အတွင်း အယ်လ်စီ၊ တီတီတို့ဖြင့် လုံးဝမဟုတ်ဘဲ တစ်ဘက်နိုင်ငံသုံး (တရုတ်နိုင်ငံသုံး ယွမ် ငွေ၊ ထိုင်းနိုင်ငံသုံး ဘတ်ငွေ) ငွေတို့ဖြင့်သာ ငွေသားကိုကိုင်၍ ပေးချေရှင်းလင်းကြပါသည်။
တရားဝင်လိုင်စင်၊ ပါမစ်ဖြင့် ရောင်း ဝယ်သည့်ပမာဏအပြင် တရားမဝင် လိုင်စင်ပါမစ်မပါဘဲ သယံဇာတများကို ခိုးထုတ်ခြင်းကလည်း ကြီးမားကျယ်ပြန့်လှပါသည်။ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက တရားဝင်ထုတ်ပြန်သော ပို့ကုန်နှင့်သွင်းကုန်များအပြင် ပမာဏကြီးမားသော တရားမဝင်ပို့ကုန်များလည်း ရှိနေ သည်ကို အားလုံးအသိပင်ဖြစ်သည်။ ပို၍ဆိုးသည်မှာကား ပို့ကုန်က သွင်းကုန် ထက်များပြားသည်ဟုဆိုသော်လည်း ထို (Balance of Trade) ခေါ် ကုန်သွယ်မှုရှင်းတမ်းမှ ပိုငွေများ နိုင်ငံ၏ဘဏ်စနစ်အတွင်း မရောက်ရှိသဖြင့် ထိုငွေများသည် မည်သည့်ဒေသ၊ မည်သည့်ပုဂ္ဂိုလ် များလက်ဝယ်သို့ ရောက်ရှိသွားသည်ကိုလည်း မသိနိုင်တော့ပါ။ ထိုသို့သော ပိုငွေများဖြင့် နိုင်ငံအတွက် လိုအပ်သော သွင်းကုန်များတင်သွင်းရန် တရားဝင်စီမံခန့်ခွဲနိုင်သော အခြေအနေလည်းမရှိတော့ပါ။
အထက်ဖော်ပြပါ အခြေအနေကို ဤအတိုင်းဆက်လက်ထားရှိရန် မသင့်တော့ဟုယူဆပါသည်။ တစ်ခေတ်တစ်ခါက အခြေအနေအရ မှောင်ခိုစနစ်ကို အားထားရခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကိုရှောင်လွှဲရန် မဖြစ်ဖြစ်သည့်နည်းဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ကိုမသုံးနိုင်ဘဲ တစ်ဘက်နိုင်ငံများ၏ ငွေကြေးများကို ဘဏ်စနစ်ပြင်ပမှ သုံးစွဲခဲ့ကြရသော်လည်း နယ်စပ်ငွေပေးချေမှုပုံစံကို ပြုပြင်ပြောင်းလဲရန် အချိန်ကျရောက်နေပြီဟု ယူဆပါသည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် ကုန်စည်များကို ကုန်းလမ်း (သို့မဟုတ်) ရေလမ်း မည်သည့်လမ်းမှပို့ဆောင်သည်ဖြစ်စေ ငွေပေးချေမှုမှာတော့ ဘဏ်လမ်းကြောင်း မှသာဖြစ်ပါသည်။ ပို့ကုန်အတွက် ရငွေများကို ပြည်တွင်းဘဏ်များက ပြည်ပဘဏ်များတွင် အပ်ထားသော (Nostro) စာရင်းများသို့ ပေးသွင်းစေပြီး သွင်းကုန်အတွက် ပေးချေမှုများကို ထို (Nostro) စာရင်းများရှိငွေမှသာ ပေးချေရပါမည်။ ပြည်ပနှင့်အပြန်အလှန်ကုန်သွယ်မှုဆိုင်ရာ ငွေကြေးစီးဆင်းမှုအားလုံးသည် ဘဏ်စနစ်အတွင်းမှသာဖြစ်ပြီး ကုန်သွယ်မှုပိုငွေ၊ လိုငွေများသည် ထိုဘဏ်စာရင်းများသို့ ကုန်သွယ်မှုဆိုင်ရာ ဝင်ငွေ၊ ထွက် ငွေများ၏ ခြားနားချက်စုစုပေါင်းသာဖြစ်ရပါမည်။
ဖော်ပြပါအကြောင်းများကြောင့် နယ်စပ်ကုန်သွယ်ရေးဆိုသော မြန်မာပြည်မှာသာ တွင်ကျယ်စွာရှိနေသည့် ဝေါဟာရကို ပြန်လည်သုံးသပ်ရန်လိုပါသည်။ နှစ်နိုင်ငံနယ်စပ်တွင် နေထိုင်သူများ စား သုံးမှုအတွက် တစ်နိုင်တစ်ပိုင်ရောင်းဝယ် ခြင်းများကို ဘဏ်စနစ်ဖြင့် ပေးချေရှင်းလင်းရန်မဆိုလိုပါ။ သို့သော် ပမာဏကြီးမားသော ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ပေး ချေမှုများကို နယ်စပ်ကုန်သွယ်ရေးခေါင်းစဉ်တပ်ပြီး စာရင်းအင်းတိတိကျကျမရှိ၊ ရောင်းရငွေများ ဘယ်သို့ရောက်သွားမှန်း မသိပုံစံဖြင့် ဆက်လက်တည်ရှိနေခြင်း သည် မြန်မာနိုင်ငံအတွက် ရသင့်သလောက် အကျိုးစီးပွားဖြစ်ထွန်းမှုကို မရစေနိုင်ပါ။
လက်ရှိအခြေအနေတွင် မြန်မာ- ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ-အိန္ဒိယနယ်စပ် များတွင် မြန်မာဘဏ် (မြန်မာ့စီးပွားရေးဘဏ်) နှင့် တစ်ဖက်နိုင်ငံဘဏ်များ (Banking Arrangement) များ သဘောတူရေးဆွဲပြီး ဘဏ်လမ်းကြောင်းမှ ငွေပေးချေခြင်းကို စတင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ရာနှုန်းပြည့် အောင်မြင်မှုမရသေးပါ။ သို့သော် ဘဏ်လမ်းကြောင်းမှ ပေးချေမှုများရှိနေသဖြင့် (Trade Surplus) အနေအထားရှိသော မြန်မာဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးတွင် မြန်မာ့စီးပွားရေးဘဏ်၏ (Nostro) စာရင်း၌ အမေရိကန်ဒေါ်လာ ငွေများ အထိုက်အလျောက်စုဆောင်းမိ ပြီး ထိုငွေများကို စင်ကာပူဘဏ်များသို့ ပြောင်းရွှေ့ပြီး အသုံးချနိုင်ခဲ့သည့် သာဓကရှိခဲ့ပါသည်။ ထိုနိုင်ငံများနှင့် ကုန် သွယ်ရေးပေးချေမှုများကိုလည်း ဘဏ် လမ်းကြောင်းမှ ရာနှုန်းပြည့်ဖြစ်အောင် စီမံခန့်ခွဲရန်လည်း လိုအပ်ပါမည်။
ယခုအခါ ကမ္ဘာ့နိုင်ငံအများ၌ ဆက် သွယ်ရေးစနစ်များကောင်းမွန်ပြီး ဘဏ် လုပ်ငန်းများလုပ်ဆောင်ရာတွင် (Core Banking) ခေါ် ကွန်ပျူတာအွန်လိုင်းစနစ်ကို နိုင်ငံအများအပြား၌ သုံးစွဲနေ ပြီဖြစ်ရာ နယ်စပ်ဒေသဘဏ်များနှင့် ဘဏ်ရုံးချုပ်တို့ဆက်သွယ်ရေးမှာ အထူးကောင်းမွန်ပြီး နိုင်ငံအတွင်း မည်သည့်ဘဏ်ခွဲတွင်မဆို အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအတွက် ငွေလွှဲပြောင်းပေးချေခြင်း၊ အယ်လ်စီဖွင့်လှစ်ခြင်းများကို အချိန်နှင့်တပြေးညီ လုပ်ဆောင်နိုင်နေပြီဖြစ်ပါသည်။ ရှေးယခင်ကကဲ့သို့ ဆက် သွယ်ရေးလိုင်းများ အခက်အခဲကြောင့် ဝေးလံခေါင်သီသော နယ်စပ်မြို့များရှိ ဘဏ်များနှင့်ရုံးချုပ်တို့ ဆက်သွယ်ရေးခက်ခဲသော အခြေအနေကိုကျော်လွှားနိုင်လာပြီဖြစ်သည်။ ဤသို့အခြေအနေ ကောင်းများရရှိလာပြီဖြစ်သော ယနေ့ ခေတ်အခါသမယတွင် ကုန်စည်များပို့ဆောင်ခြင်းကို ကုန်းလမ်းမှနယ်စပ်ဖြတ်ကျော်တင်ပို့ရသော်လည်း ငွေပေးချေခြင်းကို ဘဏ်များမှတစ်ဆင့် အယ်လ်စီ၊ တီတီ များဖြင့် ပေးချေ၍ရနိုင်နေပြီဖြစ်ပါသည်။
ယခင်က မိမိ၏အားနည်းချက်ကြောင့် တစ်ဖက်နိုင်ငံသုံး ငွေကြေးကိုသာ လက်ခံသုံးစွဲခဲ့ရသော်လည်း ယခုအခါတွင် နှစ်နိုင်ငံလက်ခံနိုင်မည့် ငွေမာများ (ဥပမာ- အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ) ကိုသုံးပြီး ပေးချေနိုင်ရန်လည်း ညှိနှိုင်းမှုများလုပ်ရန် လိုအပ်နေပြီဖြစ်ပါသည်။ နှစ်နိုင်ငံနယ်စပ်ဖြတ် ကျော်ကုန်သွယ်ရေးငွေပေးချေမှုများကို ဘဏ်စနစ်အတွင်းမှသာ လုပ်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံငွေရေးကြေးရေးနှင့်ဘဏ်လုပ်ငန်းကဏ္ဍမှ တာဝန်ရှိသူ များအနေဖြင့် တစ်ဖက်နိုင်ငံရှိ တာဝန် ရှိသူများနှင့် ညှိနှိုင်းစီမံသင့်ပါကြောင်း အကြံပြုလိုပါသည်။
                                                                                                                                                                                                                               /ဦးမြသန်း/